BlogPopular Articles | 3 Minutes

“စိတ်မြန်သလောက် လူမလိုက်နိုင်တော့တာကို လက်မခံနိုင်ဘူးဖြစ်နေတယ်”

“ကမ္ဘာနှစ်ခုကြား ဗျာများနေရသလိုပဲ”

“တစ်နေ့တစ်နေ့ ဒီလိုပဲတစ်ပုံစံတည်းသွားနေရင်း ကိုယ်မသိလိုက်သေးခင်မှာ နှစ်တွေလတွေကုန်သွားတယ်။ ကိုယ်သိလိုက်တဲ့အခါ ကိုယ့်ဘဝကြီးက အစရှာမရအောင်ပြောင်းလဲသွားတယ်”

“မှန်မကြည့်တာကြာပြီ၊ ကြည့်လည်းမကြည့်ချင်တော့ဘူး”

“မိခင်ဖြစ်လာတဲ့ကိုယ့်ကို လက်ခံလာနိုင်ပေမယ့်၊ မိခင်မဟုတ်ခင်ကကိုယ့်ကိုလည်း ပြန်လိုချင်မိတယ်။”

“နို့တိုက်ချင်ပေမယ့် နို့မထွက်တဲ့အခါ ဘဝမှာရှုံးနှိမ့်မှုကြီးတစ်ခုလို့ ခံစားရတယ်။”

“ကျန်းမာတဲ့ကလေးလေးတစ်ယောက်ကို မွေးထုတ်ပေးနိုင်ပေမယ့်၊ အဲ့ဒါရဲ့အကျိုးဆက်ဖြစ်တဲ့ အရင်လိုမဟုတ်တော့တဲ့ ကိုယ့်ခန္ဓာကိုယ်ကို လက်ခံရတာအရမ်းခက်တယ်။ ဘယ်သူ့ကိုမှလည်းမပြောပြရဲဘူး၊ ကိုယ့်ကိုယ်ကိုလည်း ဒီလိုစိတ်ဖြစ်လို့ မုန်းမိတယ်။”

“ကိုယ့်ကိုယ်ကိုတော့ အရည်အချင်းတွေမကျသွားဘူးလို့ ယုံကြည်ပေမယ့်၊ ကလေးမရခင်ကထက် ပိုပြီးကြိုးစားပြရ သက်သေပြရတာကြောင့် စိတ်ထဲမှာခံပြင်းတယ်။”

“တစ်ချို့ရက်တွေ ဘာမှမလုပ်ပဲ အိပ်ရေးဝဝ အိပ်ချင်တယ်။”

“ကလေးရလာလို့ အိမ်ထောင်ရေးသာယာသွားတဲ့သူတွေကို အားကျမိတယ်။”

“ကလေးအတွက်ဘာမဆိုလုပ်ပေးနိုင်သူက မိခင်ကောင်းလား၊ ကလေးအတွက် ကိုယ်လုပ်ပေးနိုင်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်သူက မိခင်ကောင်းလား? တစ်ခါတစ်လေ ကိုယ်တိုင်က အဲ့ဒီနှစ်ခုကြား မရွေးချယ်နိုင်ဘူးဖြစ်မိတယ်။”

“ကလေးနဲ့ကိုယ်နဲ့ပဲ သာယာတဲ့ကမ္ဘာလေးတစ်ခုကို တည်ဆောက်သွားနိုင်ရင်ကောင်းမှာပဲ။”

ဒါတွေဟာ ကျွန်မ coaching လုပ်လညတဲ့ တလျှောက်ကြားရတဲ့ မိခင်တွေရဲ့ရင်ဖွင့်စကားတွေပါ။ ဒါတွေကိုမျှဝေဖို့ခွင့်ပြုချက်ပေးတဲ့ မိခင်တွေကို ကျေးဇူးတင်ပါတယ်။

ဒီနေ့ World Mental Health Day (ကမ္ဘာစိတ်ကျန်းမာရေးနေ့) မှာ ကျွန်မအနေနဲ့ မိခင်တွေရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သတ်ပြီး ပြောပြချင်တာလေး (၂) ခု ရှိတယ်။

(၁) ကိုယ့်မှာမရှိတာကိုထုတ်ပေးလို့မရဘူး။
ကျွန်မတို့မိခင်တွေဟာ ကိုယ့်သားသမီးအရေး၊ မိသားစုအရေးကို အမြဲရှေ့တန်းတင်တတ်သူတွေ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုလည်းဂရုစိုက်ဖို့ သတိပေးချင်တယ်။ အဲ့လိုကိုယ့်ကိုယ်ကိုဂရုစိုက်တဲ့အခါ တကိုယ်ကောင်းဆန်တယ်လို့ ကိုယ်တိုင်ကထင်တဲ့အခါ/ ကိုယ့်ပတ်ဝန်းကျင်ကလူတွေက ထင်တဲ့အခါ ပြန်စဉ်းစားပါ – ကျွန်မတို့မိခင်တွေ ကလေးကိုနို့တိုက်ဖို့ ကိုယ်ကအရင်အစာစားရတယ်၊ ဒါမှ ကိုယ့်ခန္ဓာကိုယ်က ဒီအစာတွေကိုခြေဖြတ်ပြီး အာဟာရပြည့်တဲ့ နို့ရည်အဖြစ်ထုတ်ပေးနိုင်ပြီး ကိုယ့်သားသမီးတွေကို နို့တိုက်ကြွေးနိုင်မယ်။ ဒီလိုပဲ ကိုယ့်မှာစိတ်ချမ်းသာမှုမရှိရင်၊ ကိုယ့်ကလေးတွေကို စိတ်ချမ်းသာအောင်ထားဖို့အရမ်းခက်တယ်။ ကိုယ့်မှာ ကိုယ့်ကိုယ်ကိုချစ်တတ်တဲ့စိတ်၊ လေးစားတဲ့စိတ် (self-love/self-respect) မရှိရင် ကိုယ့်ကလေးကိုလည်း သူ့ကိုယ်သူချစ်တတ်အောင်၊ လေးစားတတ်အောင် မသင်ပေးနိုင်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ရော၊စိတ်ကိုပါ ဂရုစိုက်ပြီး ပြုစုစောင့်ရှောက်ပေးပါ။

(၂) ကိုယ်ခံစားရသမျှဟာ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူး။
ကလေးငယ်လေးတွေရှိတဲ့ မိခင်တွေမှာတွေ့ရတတ်ပါတယ်၊ ကလေးအတွက်အချိန်ပေးရတာများတော့ အပြင်မထွက်နိုင်တာတွေ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ကင်းကွာလာတာတွေ တွေ့ရတတ်တယ်။ အဲ့လိုဖြစ်တဲ့အခါ ကိုယ့်အတွေးနဲ့ကိုယ်အဖေါ်ပြုရတာကြောင့် ကိုယ့်စဉ်းစားမိရာတိုင်းက ပိုမိုကျယ်ပြန့်လာတယ်၊ ပိုပြီးနက်ရှိုန်းလာတယ်။ ဒီလိုနဲ့ ကိုယ့်ကမ္ဘာနဲ့ကိုယ် သီးသန့်ဖြစ်လာတယ်၊ လူတွေနဲ့ချိတ်ဆက်ရတာခက်ခဲလာတတ်တယ်။ အဲ့လိုဖြစ်တဲ့အခါ ကိုယ့်ကိုလူတွေနားမလည်နိုင်လောက်ဘူးလို့ ထင်နိုင်သလို၊ ကိုယ်ကလည်း လူတွေကိုနားလည်ရခက်လာတတ်တယ်။ ဒါတွေကိုမဖြစ်လာအောင် သတိထားပါ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းနဲ့ အချိတ်အဆက်မပျက်မိအောင် ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ဟောပြောတဲ့ပွဲတွေတက်ပါ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မကြာခဏတွေ့ပေးပါ။ အိမ်ရှင်မမိခင်တွေမကဘူး၊ အလုပ်ခွင်ထဲက မိခင်တွေကလည်း ဒီလိုပတ်ဝန်းကျင်နဲ့ကင်းကွာမှုတွေကြုံရတတ်တယ်။ အလုပ်နဲ့အိမ်ကလွဲပြီး ဘယ်မှမရောက်ဖြစ်တဲ့အခါ ပိတ်ဝန်းကျင်ရှိပြီး အထီးကျန်တဲ့ခံစားချက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ လိုအပ်တဲ့အကူအညီအထောက်အပံ့တွေယူပါ။

ကိုယ်ဟာ ဖုန်းကနေတဆင့် ရင်ဖွင့်ချင်တာ်ဆိုရင် Mee Pya Tike ကိုဆက်သွယ်ပါ။

စိတ်ဖိစည်းမှုဒဏ်တွေအရမ်းခံနေရတယ်ဆိုရင် ဒီအောက်က လင့်ကနေတဆင့် ကိုယ့်နေရာဒေသအလိုက် လိုအပ်တဲ့ပံ့ပိုးမှုတွေရယူပါ။

https://bit.ly/2AX5KmW

မိခင်များအားလုံး စိတ်ရော၊ကိုယ်ပါ ကျန်းမာကြံ့ခိုင်နိုင်ကြပါစေ။

#MaternalMentalHealth #WorldMentalHealthDay #HowSheDidIt

Shared On