ကျွန်မတို့ How She Did It ကို message ပို့ပြီး တိုင်ပင်စာတွေပို့တဲ့အထဲက အမေးအများဆုံးမေးခွန်းတွေ၊ ဒါမှမဟုတ် ထူးခြားတဲ့မေးခွန်းတွေကို စာဖတ်သူတွေလည်း ဗဟုသုတဖြစ်အောင် #LetsGetOverIt အနေနဲ့ ကျွန်မမျှဝေသွားပါမယ်။ မေးတဲ့သူနဲ့ သူ့ရဲ့အကြောင်းအရာတွေကို ဖော်ပြသွားခြင်းမလုပ်ပါဘူး။ ကျွန်မကိုယုံကြည်ပြီး တိုင်ပင်လာသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ တိုင်ပင်စာတိုင်းကို သေချာအချိန်ပေးပြီးဖတ်ပါတယ်၊ ပြီးမှ စာသေချာပြန်ရေးပါတယ်။ အမျိုးသမီးအချင်းချင်းမို့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ လမ်းပျောက်နေရင် လမ်းပြနိုင်မှု လုပ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
Let’s Get Over It လို့နာမည်ပေးတဲ့ အဓိက,ကရည်ရွယ်ချက်က ဒီမေးခွန်းတွေဟာ အမျိုးသမီးတိုင်းလိုလို ရင်ထဲမျိုသိပ်ပြီး ခံစားရတဲ့မေးခွန်းတွေ၊ စိတ်ဒုက္ခဖြစ်စေတဲ့ အတွးတွေ၊ ဘဝတက်လမ်းနဲ့ပျော်ရွှင်မှုတွေကို ပိတ်ဆို့စေတဲ့ အတွေးတွေ။ ဒါကို ဖွင့်ချပြီး၊ မျှဝေလိုက်က်ခြင်းအားဖြင့် အကျိုးကျေးဇူးနှစ်ခုဖြစ်လာမယ်လို့ ကျွန်မယုံကြည်တယ်။ တစ်ခုက – ကိုယ်တစ်ယောက်တည်းကြုံနေရတာ မဟုတ်ပါလား ဆိုတာသိရရရင်ကို တော်တော်ခံသာတယ်။ နောက်တစ်ခုက ဘယ်လိုရင်ဆိုင်လို့ရလဲဆိုတာကို ကျွန်မကလည်းမျှဝေသွားမယ်၊ ကြုံဖူးသူတွေကလည်း မျှဝေလို့ရပါတယ်။ learning from each other ပေါ့။ အဓိက,ကတော့ Let’s Get Over It ဆိုတဲ့အတိုင်း ဒီအတွေးသံသရာမှာ လည်ပတ်မနေပဲ ကိုယ်တိုင်ဖောက်ထွက်နိုင်စေချင်တယ်။
Sooo, LET’S GET OVER IT!!
Ep. 1
“အသက်သုံးဆယ်ကျော်သွားပြီမို့ ရည်မှန်းချက်တစ်ခုထားဖို့ သိပ်နောက်ကျသွားပြီလား?”
ကျွန်မမြန်မာပြန်လာတုန်းက အသက်သုံးဆယ်ပြည့်ပြီးခါစ၊ နှစ်နှစ်အွယ်သမီးလေးကိုလွယ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ နှစ်နဲ့ချီပြီးမက်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်မယ်ဆိုပြီး ရောက်ချလာတယ်။ ပြန်မလာဖြစ်တာ ဆယ်နှစ်ကျော်ဆိုတော့ အချိတ်အဆက်လေးတွေပြန်လုပ်တဲ့အခါ သတိထားမိတဲ့အချက်တစ်ခုတွေ့တယ်။ ကျွန်မကိုယ်တိုင်က မိခင်တစ်ယောက်ဖြစ်တာရယ်၊ အသက်သုံးဆယ်ကျော်တာရယ်ကို ကိုယ့်အတွက်ဂုဏ်ယူစရာတစ်ခု အနေနဲ့ ခံယူပေမယ့်၊ ဒီနိုင်ငံမှာတော့ ဒါကိုအားနည်ချက်ကြီးတစ်ခုလို့ မြင်ကြတယ်။ မြန်မာပြည်မှာ အမျိုးသမီးတွေအပေါ်ထားတဲ့ work-life expectancy ကနည်းတော့ အသက်သုံးဆယ်ဆိုတာ သိပ်မကြာခင် အလုပ်ခွင်ထဲက ထွက်သွားတော့မယ့်အရွယ်လို့ တော်တော်များများက လက်ခံထားပုံရတယ်။ ဒါကြောင့် ဒီအရွယ်ကြီးရောက်မှ ကလေးတွေနဲ့အပြိုင်တိုးမနေပါနဲ့.. ဆိုပြီးပြောကြတယ်။ ကျွန်မအနေနဲ့ ဒါကိုအထူးအဆန်းဖြစ်တာက အသက်သုံးဆယ်ကျော်ဆိုတာ တိုးတက်တဲ့နိုင်ငံတွေမှာ အချိန်ကောင်းတစ်ခုရဲ့အစလို့ မြင်ကြတယ်။ မိခင်တစ်ယောက်ဆိုတာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ လူတိုင်းမလုပ်နိုင်တဲ့အလုပ်ကြီးတစ်ခုကို လုပ်နေသူ သူရဲကောင်းတစ်ယောက်၊ အနာဂတ်ကိုတည်ဆောက်နေသူဆိုပြီး လေးစားကြတယ်။ အဲ့ဒီတော့ ကျွန်မနားလည်လိုက်တာက – ဒါဆိုအသက်ကြီးတာငယ်တာ/ မိခင်ဖြစ်တာမဖြစ်တာထက် ကိုယ့်ခံယူချက်က ပိုအရေးကြီးတယ်၊ ကိုယ့်အရည်အချင်းနဲ့ ပိုသက်ဆိုင်တယ်။ နေရာဒေသပြောင်းသွားတဲ့အလျှောက် လူတွေကိုယ့်အပေါ်မြင်တဲ့အမြင်က ပြောင်းသွားမှာပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲဆိုတာ ဘယ်နေရာရောက်ရောက် မပြောင်းဖို့လိုတယ်။
ဒါဆိုဘယ်လိုလုပ်မလဲနော်၊ ဒီလိုကိစ္စမျိုးကို အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ?
၁)ဒါကို gender-based barrier တစ်ခုဖြစ်တယ်ဆိုတာကို သေချာနားလည်ပါ။ အသက်သုံးဆယ်ကျော် အမျိုးသားတစ်ယောက်က ခေါင်းထဲတောင် ထည့်စဉ်းစားစရာမလိုတဲ့ အချက်ကို အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက်က ဘဝနဲ့ရင်းတဲ့အိပ်မက်တွေ ဖျက်ရမလောက်ထိဖြစ်တယ်ဆိုတဲ့ မတူညီ၊ မမျှတတဲ့အချက်တွေဖြစ်ကြောင်း သေချာသိပါ။
၂)ဒါကို ကျွန်မတို့အမျိုးသမီးတွေကိုယ်တိုင်ကလည်း internalized မလုပ်ဖို့၊ ဒါကိုလက်ခံယုံကြည်ပြီး ကိုယ့်ကိုယ်ကိုထုထောင်းမနေဖို့လိုတယ်။ အသက်ဆိုတာ ကိုယ်ပြုပြင်ပြောင်းလဲလို့ရတဲ့ အရာမဟုတ်ဘူး။ အရည်အချင်းနဲ့ စိတ်ဓါတ်က ကိုယ်ပြုပြင်ပြောင်းလဲလို့ရတဲ့အရာ။ “Change what you can, manage what you can’t” လို့ Raymond McCauley ကပြောထားတာကို ကျွန်မမျှဝေဖူးတယ်။ ပြန်ဖတ်ကြည့်ပါ။
၃)နောက်ကျတယ် နောက်မကျဘူးဆိုတာ ကိုယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ကိုယ် ရှိဖို့လိုတယ်။ ခုနကပြောသလို နေရာဒေသပြောင်းသွားတာနဲ့ အသက်အရွယ်နဲ့ပတ်သတ်တဲ့ ခံယူချက်တွေပြောင်းသွားသလိုပေါ့။ ကိုယ့်ကို အသက်ကြီးသွားလို့ အလုပ်မခန့်ဘူးပြောရင် စိတ်မထိခိုက်ပါနဲ့။ ပြန်မေးလို့ရတာက “ဘယ်အချက်တွေနဲ့ကိုက်ညီရင် ဒီအလုပ်ကိုအောင်အောင်မြင်မြင်နဲ့ လုပ်နိုင်တယ်လို့ လက်ခံလဲ? ဒါကိုသူပြန်ဖြေတဲ့အခါ – အချိန်တိကျတာ၊ စနှစ်တကျလုပ်တာ၊ ပြောဆိုဆက်စံတတ်တာ၊ စသဖြင့်ပြောခဲ့ရင်.. အသက်အရွယ်ဆိုတာမပါတာကြောင့် ကိုယ့်အနေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ပြန်ရှင်းပြနိုင်ဖို့လိုတယ်။ ဒီအချက်တွေနဲ့ပြည့်စုံအောင် လုပ်နိုင်ရင်ပြီးတာပဲမဟုတ်လား။ ကိုယ့်အလုပ်က တကယ်လဲအသက်အရွယ်နဲ့ဆိုင်နေတဲ့ အချက်တွေရှိရင်ရှိမှာပေါ့၊ ဒါကိုသေချာလေ့လာ ဆန်းစစ်ပြီးမှ လက်ခံစေချင်တယ်။
စာဖတ်သူတွေရော၊ အသက်အရွယ်နဲ့ပတ်သတ်တဲ့ မေးခွန်းတွေ၊ အတွေ့အကြုံ အခက်အခဲတွေရှိရင် မျှဝေပါဦး။
#FearlessFriday #HowSheDidIt